
ကျွန်တော့်နာမည် ကျွန်တော်လည်း မသိဘူးဗျ.. သခင့်အသစ်ဆီရောက်တဲ့အထိပေါ့။ ကျွန်တော်အသက် ၃လခွဲရောက်တော့ မွေးကတည်းကတွေ့နေရတဲ့ ကျွန်တော့်သခင်က တစ်ရက်တော့ သူတို့မောင်းတဲ့ ကားလို့ခေါ်တဲ့ စက်ယာဉ်ကြီးနဲ့ ပတ်မောင်းပြတယ်။ ရိပ်တိပ်ရိပ်တိပ်နဲ့ မူးသလိုလိုပဲ။ နောက်နေ့ကျတော့မှ ခရီးအရှည်ကြီး စတော့တာကိုး ခင်ဗျ။ နောက်နေ့မနက် နေမထွက်ခင်…….ဖေဖေ၊ မေမေ၊ အစ်ကို ၊ ညီမလေး တွေက ကြည့်နေကြတယ်။ ကျွန်တော့်ကို ကားပေါ်တင်တော့ မနေ့ကလည်း အိမ်ကိုညနေ ပြန်လာတာဆိုတော့ ညနေလောက်ပြန်ရောက်မယ်လို့ ကျွန်တော်ရော သူတို့ပါ ထင်ခဲ့ကြတယ်။ သားရေ..ဂရုစိုက်.. ဖေဖေ့တုန်းကလို ကားဆိုတာကြီးနဲ့ အတိုက်မခံရစေနဲ့.. စတဲ့ အော်သံတွေ နောက်မှာ ကျန်ခဲ့တယ်။ နောက်တော့ သခင်ရယ် ၊ နောက်လူတစ်ယောက်ရယ်၊ ကျွန်တော်ရယ် ဒီ ၃ ယောက်ပဲ ကားပေါ်ပါတယ်ဆိုတာ ဆိုတာ သိလာတယ်။ မူးလည်းမူး ၊ အန်လည်း အန်ချင်… ဒါပေမယ့် သခင်က အနော့်ကို အစာအများကြီး ပေးမစားထားတော့ သိပ်မအန်ဘူးဗျ။ ရှူကလည်း ပေါက်ချင်။ လမ်းမှာ ကားရပ်ပေးတော့ တော်တော်နဲ့ ပေါက်မရဘူးဗျ။ ပတ်ဝန်းကျင်က အစိမ်းကြီး။ ပူခလောင်ထောင်နေတာပဲ။ ဒီလိုနဲ့ ညရောက်တော့ ကားတွေအရမ်းများတဲ့ လူတွေအများကြီးနေတဲ့ မြို့ကြီးကို အနော်တို့ရောက်လာတယ်။ ဖေဖေ မေမေတို့… သားကြောက်တယ်…။ ဒါပေမယ့် ဘေးမှာ အနော့်သခင် ရှိနေသရွေ့ အားတင်းထားပါတယ်။
ခဏနေတော့ မောင်းရင်း မောင်းရင်း ခြံတစ်ခုရှေ့ရောက်တော့ ကားဝင်လိုက်တယ်။ လူတစ်ယောက် ခြံရှေ့လမ်းမပေါ်ထိ ထွက်စောင့်နေတယ်။ တစ်ချိန်မှာ အနော့် သခင်အသစ်ဖြစ်လာမယ့်သူဆိုတာ မသိခဲ့ဘူး။
နောက်တော့ သခင်က အနော့်ကို ချီပြီး ကားပေါ်က ချတယ်။ အိမ်ကြီးတစ်လုံးထဲကို ခေါ်သွားတယ်။ ထိန်လင်းနေပေမယ့် အနော့်စိတ်မှာ နောက်ကျိနေတယ်။ အရင်က ကားပေါ်က ဆင်းရင် ဖေဖေ မေမေတို့ကို တွေ့နေကျ.. ခုတော့.. ဘယ်သူတွေတုန်း.. သွား သွား.. လာမထိနဲ့… သခင်လုပ်ပါဦး. သခင်… အား….
သခင်က အနော့်ကို အစာကျွေးတယ်။ ဟိုလူက အစာအိတ်အသစ်တွေ ဘာတွေနဲ့ စောင့်နေတာဗျ.. အနော်လည်း ငတ်လာတာနဲ့ ရေလည်းသောက် အစာလည်း စားရင်း.. တွေးမိတယ်..”မင်း မဆိုးပါဘူး…”
ခဏနေတော့ သခင်က အနော့ကို ထားသွားတယ်… ဘာတွေလည်း ဟိုလူက အနော့်ကို ထိန်းထားတယ်။ စိတ်ညစ်ပေမယ့် သူ့ရဲ့ ဆက်ဆံပုံကို ကြိုက်လို့ ကိုက်တော့မကိုက်ပါဘူး။ အနော့်ကို ခေါ်တယ်.. “ဂျက်ကီ” တဲ့။
အနော်လည်း ငြိမ်ပြီး အိပ်နေလိုက်တယ်။ ဖေကြီး..မေကြီး.. သားတော့ သွားပြီ.. အစ်အစ်…
ခဏနေတော့ သခင်ပြန်ရောက်လာတယ်။ ဝေးဟေးဟေး…. ပြန်လာခေါ်တာနေမှာတွ… အာဝူးးးးး..
ဒါပေမယ့် ညကျတော့ သခင်က အနော့်ကို လှောင်အိမ်ထဲ ထည့်တယ်။ ဟိုမုန့်ကျွေးတဲ့သူပါ လိုက်ကြည့်နေတယ်။ မုန့်ကျွေးတဲ့သူက ကြိုက်ပုံမရဘူး.. အထဲမှာ ထားချင်တာ.. ဒါပေမယ့် သခင်အရင်းက ထားမှတော့ နေရတော့တာပေါ့။ ခဏနေတော့ သခင်အသစ်လို့ ခေါ်ရမယ့်လူက ရေခွက်လာထည့်ပေးတယ်။ အနော်လည်း စိတ်ပေါက်ပေါက်နဲ့ မှောက်ပစ်လိုက်တယ်.. ဂလွမ်း…ဂလွမ်း…။ ဘယ်သူ လာကြည့်မလဲ အနော် စောင့်ကြည့်နေလိုက်တယ်။ သခင်ထွက်မလာပဲ.. သခင်အသစ်ပဲ ထွက်လာတယ်။ သူက စိတ်ချပုံမရဘူး.. သခင်အဟောင်းကို ခေါ်ပြတယ်။ ဒါပေမယ့် ရပါတယ်..ထားလိုက်လို့ ပြောပုံရတယ်.. သူတို့ အနော့်ကို ထားသွားတယ်။
အနော်လည်း ဘယ်ရမလဲ.. သံဇကာတွေကို ဆောင့်တွန်း.. အသားကုန်အော်.. ဒါလည်း မရပါဘူး.. အနော်လည်း ကြောက်ကြောက်နဲ့ အိပ်လိုက်တော့တယ်…. အိပ်မက်ထဲမှာ ဖေဖေ..မေမေ… ကိုကြီး… ညီမလေး…….
ဆက်ရန်