ဂျက်ကီ့ ဒိုင်ယာရီ ၃

ကိုင်း… စွန့်စားခန်းတွေအတွက် အဆင်သင့်ဖြစ်နေကြပြီလား..

အနော့်ကိုတော့ သခင်က လမ်းလျှောက်ဖို့ ကြံစည်နေသတဲ့။ အနော့်ကို ကြိုးစမ်းစွပ်တဲ့နေ့က ခုန်ပေါက်.. ကိုက်ဝါး အကုန်လုပ်ပစ်လိုက်တာ.. သခင်လည်း ပက်လက်ကိုလန်ရှာလေရော။ သနားလို့ အစွပ်ခံလိုက်တော့.. သူ့ခမျာ ကျေနပ်ပြီး မုန့်တောင် ကျွေးသွားသေးတယ်..

နောက်နေ့ကျတော့ စွန့်စားခန်းထွက်ကြပါလေရော။ အနော်က ကမ္ဘာကြီးကို အနော့်ခြံလေးပဲ မှတ်နေတာ.. မှားသွားသဗျ။ မနက်ပိုင်း လမ်းလျှောက်ထွက်တာနဲ့ ၂ ခြံကျော်က ငတတစ်ကောင်က ထွက်ဟောင်သဗျ။ ပထမတော့ လန့်လို့ ငြိမ်ခံနေတာပေါ့။ နောက် ၂-၃ ခေါက်ကျတော့ အနော်လည်း ပြန်ဟောင်ပစ်လိုက်တယ်။ ခုချိန်ထိလည်း အဲခြံရှေ့က ဖြတ်တိုင်းဟောင်တုန်းပဲ။ နောက်တစ်ခြံကျတော့ နိုနိုလို ရွှေဝါရောင်ကောင်ကြီးတစ်ကောင် ထွက်ဟောင်ပြန်ရော.. အာကာဆိုပဲ နာမည်က။ တောဆန်လိုက်တာ..အဲဒီကောင် တောသားနေမှာ.. အသက်သာကြီး အနော့်ကျတော့ လိုက်ဟောင်နေတာကိုး..ဟွန်း။ ခုချိန်ထိ ဖြတ်တိုင်း ဟောင်နေသကိုး။ အနော်လည်း ပြန်ဟောင်တာပဲ။

နောက်တစ်ခြံရှေ့ရောက်တော့.. အိ.. အနော်တို့အမျိုးဗျ။ ခွေးအူးလေးကြီး..ဟီး.. သူ့တော့ အနော်ကြောက်တယ်။ ဘာမှကို ပြန်မပြောတာ.. သူဟောင်သမျှ ငုံ့နေလိုက်တယ်။ မြန်မြန်လည်း လျှောက်ရသေးတယ်။ အဲခြံရှေ့ဆို သခင်က ဘာလို့ လမ်းလျှောက်တာ နှေးနေပါလိမ့်။

အနော့််မလည်း လွတ်လွတ်လပ်လပ်ကို မရှိပါဘူးဂျာ။ သခင်က ဟိုမသွားရဘူး။ ဒီမသွားရဘူးနဲ့ ဆွဲနေတာကိုး။ စဉ်းစားကြည့်ဂျာ.. ဟိုကြောင်အစုတ်ပလုတ်တွေကို လိုက်ကိုက်တယ်ဂျာ.. ကြိုးကြီးက တင်းနေတယ်။ ခိုအုပ်မြင်ရင် ဝင်ဆွဲတယ်ဗျာ..

ကြိုးကြီးက တင်းနေပြန်ရော။ လိပ်ပြာတွေကို လိုက်ဖမ်းတယ်ဗျာ.. ခွင့်မပေးပြန်ဘူး။ နိုင်လောက်တဲ့ လမ်းခွေးတွေ ၊ ခွေးစုတ်ဖွား သေးသေးလေးတွေကို အာဏာလေးသွားပြတယ်.. အငေါက်ခံရပြန်ရော.. ရန်သူ့နယ်ထဲရောက်လာလို့ သူတို့အီအီးပုံကို သွားနမ်းတယ်ဗျာ.. ဂျက်ကီ.. နိုး!!! တဲ့။ တကယ်တော့ သခင်ကသာ နောက်ကွယ်က ကြိုးကိုင်နေတာကိုးဂျ.. ဟွန်း..

ကြည့်လေ.. တစ်ခေါက်.. လမ်းပေါ်က ငတတစ်ကောင်.. အနော့်ကို မြင်တာနဲ့ အိမ်ထဲ လှစ်ကနဲ ဝင်ပြေးသွားတယ်။ အနော်လည်း လိုက်ဟောင်တာ.. သခင်ဆွဲထားလို့ပေါ့။ အနော်လည်း မကျေနပ်တာနဲ့..အဲခြံရှေ့ အီအီးပါပစ်လိုက်တယ်။ သခင်က ပြောလိုက်တာလေ.. ပွစိပွစိနဲ့။

နောက်နေ့တွေကျတော့ အနော် ပျော်လာတယ်.. လမ်းလျှောက်ရတာကို။ ကြိုးသိုင်းလိုက်ပြီဆိုတာနဲ့ ခြံတံခါးဆီပြေးသွားပြီး သခင့်ကို စောင့်နေရတာ အမော။ လမ်းလျှောက်ပြီး ပြန်လာရင် ရေပြေးသောက်တယ်။ မောဒယ်လေဗျာ.. အနော် လမ်းလျှောက်ပြီးတိုင်း အနော့ခြေထောက်တွေ ပိုသန်လာသလို ခံစားရတယ်။ အနော်တို့လို ပါပီတွေကို ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ လမ်းလျှောက်ပေးရတယ် မဟုတ်ရင် အားနည်းသွားရော။ အနော်တို့ကို အချိန်ပေးရမယ်ဗျ။ အချိန်တန် အစာခွက်လေး ချပေးလိုက်တာနဲ့ ပါပီမွေးတယ် မဆိုလိုဘူးဂျ။ အဲဒါကြောင့် လျှောက်ခိုင်းတာလား မသိဘူး.. နေကောင်းတာတော့ အမှန်ပဲဗျ။ ပူတဲ့မနက်ဆို သခင်က အများကြီး ပေးမလျှောက်ဘူး။

လမ်းလျှောက်ပြီးရင် သခင်က ဂျယ်လီလည်းကျွေးတယ်။ ဂျယ်လီဆိုတာက ရှည်ရှည်ဘူးလေးထဲက ညှစ်ထားတဲ့ အညိုရောင် ဂျယ်လီလေး။ လျက်ရတာ.. အားကြီးကြိုက်.. အာဝူး။ နောက်ပြီး ဝါးစားရတဲ့ အပြားလေးလည်း ကျွေးတယ်။

သခင်က တစ်နေ့ကို အစာသုံးကြိမ်ကနေ လေးကြိမ်ကျွေးတယ်။ အစာလုံးလေးတွေဗျ။ တစ်ခါတစ်လေတော့လည်း အူစိုစိုလေး စားချင်တာပေါ့။ သခင်က မကျွေးတော့လည်း မတတ်နိုင်ဘူးပေါ့လေ။ သခင်ဟောင်းများ မှာသွားလို့လား မသိဘူး။

ပြောနေရင်း သခင်အဟောင်းကိုတောင် သတိရသွားပြီ။ ဖေတို့ မေတို့ကိုလည်း သတိရပါတယ်။ သား ဒီမှာ ပျော်နေပါပြီ ဖေဖေနဲ့ မေမေ။

တစ်ခါတော့ အနော့်အတွက်ဆိုပြီး ဘောလုံးဝယ်လာသတဲ့။ ဘာမှတောင် မကြာလိုက်ဘူး.. ကိုက်လိုက်တာ ပေါက်သွားတယ်။ ကုလားထိုင်တွေ လိုက်ကိုက်ရတာလည်း အရသာဗျ။ ခညားတို့ ကိုက်ဖူးမှ သိမှာ။ တစ်ခါတစ်လေ ကိုက်ရင်းကို အိပ်ပျော်သွားတာ။ ကုလားထိုင်ကြီးတွေရှိတဲ့ အခန်းကြီးထဲမှာ တီလို့ မြည်ပြီး စက်တစ်ခုပွင့်သွားရင် အေးလာတတ်တယ်ဗျ။ အနော့်အကြိုက်ပဲ.. အဲလို အေးလာရင် အိပ်ကိုပစ်လိုက်တာ..။ အအေးစက်လို့ ခေါ်တယ်..အနော်က။

အအေးစက်အကောင်းဆုံးက သခင့်အခန်း။ အေးနေတာ.. ရှူးတိုးတိုး.. သခင့်အမေမသိစေနဲ့။ သူမသိအောင် သခင်က အခန်းထဲ ခေါ်ခေါ်သွင်းတာ။ အထဲမှာ သူက ကိုက်ကောင်းတဲ့ အရွက်တွေကို တစ်ရွက်ချင်းလှန်ပြီး ကြည့်နေတယ်။ အနော်က ဘေးနားမှာ အိပ်တယ်… တအားပျော်ဖို့ကောင်း…

ဒါပေမယ့်ပေါ့ဂျာ.. ဂျက်ကီရဲ့ ဘွမှာ နာကျင်ရတဲ့ နေ့ ပေါ်လာတယ်။ ဘယ်ဘက်တင်ပါးမှာ နာကျင်သွားတာ.. အဟွန့်.. အဲနေ့အကြောင်း.. နောက်မှ ပြောပြမယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ.. ပိတ်သက်ကြီးရေ..

အာဝူး
ဂျက်ကီ

ဂျက်ကီ့ဒိုင်ယာရီ ၂

နောက်နေ့ကျတော့ သခင်အသစ်က အစောကြီး တံခါးလာဖွင့်ပေးတယ်။ ဒာနော်လည်း ပြေးထွက်လိုက်တယ်။ မုန့်ကျွေးတယ်.. ရေတိုက်တယ်။ တကယ့်ကို မဆိုးဘူးဗျ။ ဒါတောင် သခင်အသစ်က မနက်အစောကြီး ထွက်သွားတယ်။ ခဏနေတော့ သခင်အသစ်လည်း အထုပ်တွေဆွဲပြီး ကားပေါ်တက်သွားတယ်။ အနော့်ကိုလည်း ခေါင်းကို ပွတ်ပြီး သေချာမှာသွားတယ်။ ဘာတွေပြောနေမှန်း မသိပေမယ့် စိတ်မချလို့ မှာနေတယ်လို့တော့ သဘောပေါက်တယ်။ သခင် ၂ ယောက်စလုံး ထွက်သွားတော့ အိမ်က ကျန်တဲ့လူတွေက ကျွန်တော့်ကို မုန့်တွေကျွေးတယ်။ မုန့်ဆိုတာကလည်း စားနေကျ အစာလုံးတွေပါဗျာ။ တစ်နေကုန် အိပ်လိုက် စားလိုက်လုပ်နေတာ.. ညနေကျတော့ တီတီ ဆိုတာနဲ့ ကျွန်တော်လည်း အသံကြားလို့ထွက်ကြည့်တော့ သခင်အသစ် ပြန်လာတာ ဖြစ်နေတယ်။ အနော်လည်း ထွက်ပြီး ကြို.. သခင်က ဝင်းထဲမှာ ကျွန်တော်နဲ့ဆော့။ နည်းနည်းတော့ ပျော်စပြုလာတယ်။ သခင်ဟောင်းလည်း ညကျ တစ်ခေါက်ပြန်လာတယ်။ နောက်တော့ ပြန်ထွက်သွားတယ်။ အဲဒါ သူ့ကို နောက်ဆုံးမြင်လိုက်ရတာပဲ။ ခြံတံခါးနားမှာ ထိုင်ကြည့်ရင်း ကျန်ခဲ့တဲ့ အနော့်ကို သခင်က ခေါင်းအသာပွတ်ပြီး နှစ်သိမ့်ပေးနေတယ်။ အနော် သခင်အသစ်အပေါ် သစ္စာရှိရမယ် ၊ သခင်သာ အနော့်ဘဝ….

နောက်နေ့ကစပြီး အနော် သခင့်ကို မျက်စိအောက်က အပျောက်မခံတော့ဘူး။ ဒင်းဘယ်သွားသွား အနော်လိုက်တာပဲ။ သူကလည်း အနော် သူနောက်လိုက်နေရင် သိပ်ကျေနပ်တာ။ အစာကိုလည်း သေသေချာချာ ကျွေးတယ်။ သောက်ရေ နောက်သွားရင်ည၊ အမှုန်ကျသွားရင် ချက်ချင်းပြန်လဲပေးတယ်။ အနော်စိတ်ဝင်စားတဲ့ ငှက်ချီးတွေဘာတွေ သွားနမ်းရင် ခေါင်းကို အသာရိုက်ပြီး ဂျက်ကီ..နိုး လို့ အော်တယ်။

တယ်။ သြော်.. ပြောရဦးမယ်.. ရှေ့ခြံမှာ နိုနိုဆိုတဲ့ ရွှေဝါရောင် ငနဲကြီးတစ်ကောင်ရှိတယ်။ ဒင်းက ကျုပ်ကို မြင်တော့ အမြီးလာနှန့်ပြတယ်။ အနော်လည်း သောက်ညင်ကပ်တာနဲ့ ဟောင်ပစ်လိုက်တယ်။ ဒင်းကလည်း ပြန်ဟောင်သဗျ။ နောက်တော့ သူ အရှုံးပေးသွားတယ်… ဘာရမလဲ.. ဂျက်ကီကွ…

သခင်က အပေါ်ထပ်မှာ နေတယ်။ ဒါကို အနော်သိတာပေါ့။ သူ့အနံ့ကို အနော် ကောင်းကောင်းကြီးသိတာပေါ့။ တစ်ခါတစ်လေ နေ့ခင်းဘက် သူ့ကိုမတွေ့ရင် အပေါ်တက်ရှာပစ်လိုက်တာပဲ။ သခင့်အမေက အနော် အပေါ်တက်တာကို အားကြီးစိတ်ဆိုးတယ်။ လက်ထဲမှာလည်း ကြိမ်လုံးကြီးနဲ့။ ရိုက်တော့မရိုက်ပါဘူး။ ခြောက်တာပေါ့…ဒါပေမယ့် သခင်က အဲဒီကြိမ်လုံးကို ကိုက်စရာလို့သင်ပေးထားတော့ အနော်က ကြောက်ပေါင်။ ဒါပေမယ့် ကြောက်ချင်ယောင်ဆောင်လိုက်တယ်။

တစ်ညတော့ သခင်က အနော့်ကို အိမ်ရှေ့ခြံထဲပစ်ထားတာကြာသွားလို့ အနေိာလည်း မြင်သမျှ လျှောက်ကိုက်ဖွပြီး ဆန္ဒပြလိုက်တယ်။ သခင်က ဂျက်ကီ… ဂျက်ကီ… ဂျက်ကီ.. ဆိုပြီး ထွက်လာတယ်။ နောက်တော့ သခင့်အသံတစ်မျိုးဖြစ်နေတယ်။ တောင်းပန်နေသလိုမျိုးပဲ။ အနော့်ခြံလေးထဲ အတင်းထည့်ပေမယ့် အနော်က ပြန်ပြန်ထွက်လာတာ။ ခြင်လုံစကာနဲ့ဖြစ်ဖြစ် ဘာနဲ့ ဖြစ်ဖြစ် အနော် မအိပ်ချင်ဘူး။ ဒါပေမယ့် သခင်က ချော့ထည့်နေရင်း သူ့မျက်လုံးကလည်း ရေတွေကျ ၊ နှာလည်းစေးလာပါလေရော.. အအေးမိတာဖြစ်မယ်။ နောက်ညတွေမှာ ကျွန်တော့်ကို အိပ်ဆောင်လိုက်ပို့ရင် သခင်မပို့တော့ဘူး။ သူ့ဖေဖေ နဲ့ မေမေပဲ ပို့တော့တယ်။ ဘာလို့လဲတော့ မသိတော့ဘူး။

သခင်ဟာ ကျွန်တော့်အပေါ် အရမ်းကောင်းတယ်။ ကျွန်တော်ငုံထားရင်လည်း ဘာမှမလုပ်ဘူး။

တစ်ခါတော့ အားနည်းနည်းများသွားလို့ သူ့လက်မှာ အစင်းကြီးထင်ပြီး သွေးစို့သွားတယ်။ အား….လို့ပဲ တစ်ချက်အော်ပြီး အနော့်ကို ကြည့်တယ်။ သူ့အနာကို ဖိပြီး.. နိုး တဲ့။ ဒါပဲ.. ဒါဟာ သခင့်ရဲ့ ဆူပူမှုပဲ။ သခင်ဟာ အနော့်ကို ဘယ်တော့မှ မဆူဘူး။ သူ့အမေက အနော့်ကို ကြိမ်လုံးနဲ့ ခြောက်တာတောင် သခင်က ပြန်အော်ပစ်တာ.. အဲဒါကြောင့်လည်း ချစ်ရတာ…

ဂျက်ကီ့ဘဝမှာ သခင်သာ အဓိကပါ။ ဖေဖေမေမေတို့ကိုတောင် မေ့စပြုလာပါပြီ။ နောက်အပိုင်းတွေမှာ သခင်နဲ့ အပြင်လောကကြီးကို စွန့်စားခန်းလျှောက်ထွက်ပုံတွေ ပြောပြမယ်….

အာဝူး…

ဂျက်ကီ

ပုံက အိမ်ကိုစရောက်တဲ့ညက ဂျက်ကီပါ…

GSD / အယ်ဇေးရှင်း ဆိုတာ ဘာလဲ? အပိုင်း -၁

ခွေးမျိုးတွေအကြောင်း ရေးမယ်ရေးမယ်နဲ့ ခုမှ ရေးဖြစ်တာပါ။ ရေးတော့လည်း ကိုယ်အကြိုက်ဆုံးဖြစ်တဲ့ GSD ပဲ မျက်စိထဲ မြင်လာတာကြောင့် ဂျက်ကီတို့ GSD အကြောင်းလေးပဲ ရေးလိုက်ပါတယ်။

GSD နဲ့ အယ်ဇေးရှင်း တူတူပဲလား။ ရောင်းနေကြတာ အမျိုးမျိုးပြောရောင်းနေကြတာဆိုတော့လေ။

ဟုတ်ကဲ့ အတူတူပါပဲ။

GSD အရှည်ကောက်က German Shepherd Dog ဖြစ်ပါတယ်။ ဂျာမန်သိုးထိန်းခွေး လို့ အဓိပ္ပာယ်ရပါတယ်။

သူတို့ကို ခေါ်တဲ့ အခြား နာမည်တွေကတော့

Alsatian ( အယ်ဇေးရှင်း )

Berger Allemand

Deutscher Schäferhund

Schäferhund တို့ ဖြစ်ပါတယ်။

###############################

ကိုယ်အလေးချိန်

အထီး ၃၀-၄၀ ကီလိုဂရမ် ( ၆၆-၈၈ ပေါင်)

အမ ၂၂-၃၂ ကီလိုဂရမ် ( ၄၈-၇၀ ပေါင်)

အမြင့်

အထီး ၆၀-၆၅ စင်တီမီတာ (၂၄-၂၆ လက်မ)

အမ ၅၅-၆၀ စင်တီမီတာ (၂၂-၂၄ လက်မ)

သက်တမ်း

၉-၁၃ နှစ်

သားပေါက်နှုန်း တစ်ခါပေါက် ၅-၁၀ ကောင်

ရှိတတ်ပါတယ်။

အရောင်ကတော့ များသောအားဖြင့် အညို နဲ့ အနက် အရောဖြစ်ပါတယ်။

GSD တွေရဲ့ သမိုင်းကြောင်းဟာ ဂျာမနီမှာ ၁၈၉၉ ကနေ စခဲ့တယ်လို့ ပြောကြပါတယ်။ စပြီး မွေးခဲ့ကြစဥ်က သိုးအုပ်တွေကို ထိန်းပေးဖို့ အဓိကလို့ ဆိုပါတယ်။ သူတို့ရဲ့ ထက်မြက်တဲ့ အသိဉာဏ် ၊ ခွန်အား ၊ အမိန့်နာခံမှုတွေ ကြောင့် ရဲနဲ့စစ်တပ်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရလေ့ရှိပါတယ်။

##################

“သမိုင်းကြောင်း အစ”

၁၈၅၀ ကျော်မှာ ဥရောပတိုက်တွင် GSD ကို စံတစ်ခုသတ်မှတ်ပြီး သားဖောက်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ သိုးတွေကို ထိန်းပေးခြင်း ၊ သားရဲတိရိစ္ဆာန်များရန်မှ ကာကွယ်ခြင်းတို့အတွက် ရည်ရွယ်ခဲ့တဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ဂျာမန်လူမျိုးတွေကြား ဟိုတစ်စု ဒီတစ်စု မွေးခဲ့ကြတဲ့ ခွေးမျိုးဖြစ်ခဲ့ပါတယ်။ သိုးတွေထိန်းဖို့ လိုအပ်သော စွမ်းဆောင်ရည်တွေဖြစ်တဲ့ အသိဉာဏ် ၊ လျင်မြန်မှု ၊ ခွန်အား ၊ အနံ့အာရုံထက်မြက်မှု စတဲ့ စွမ်းဆောင်ရည်တွေထဲက သိုးထိန်းကျောင်းသားက သူလိုချင်တဲ့ စွမ်းဆောင်ရည်တွေပါတဲ့ ခွေးတွေကို ရွေးပြီး ဖောက်ကြတယ်။ ဒီတော့ တစ်ကျောင်း တစ်ဂါထာ တစ်ပုဒ်ဆန်းဆိုသလို ဟိုနယ်က GSD ကတော့ ဒီလိုမှ ကြိုက်တာ ၊ ဒီနယ်ကတော့ ဒီလိုမှဟေ့ အစရှိသဖြင့် GSD တွေဟာ ကွဲပြားလာကြတယ်။

ဒီမတူညီမှုတွေကို ညှိုပြီး ဂျာမနီမှာ ပေါက်တဲ့ GSD တွေအတွက် စံတစ်ခုသတ်မှတ်ဖို့ရန်ဆိုပြီး ၁၈၉၁ တွင် Phylax Society ဆိုပြီး အဖွဲ့တစ်ခု ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအဖွဲ့လည်း ၃ နှစ်ပဲ ခံပါသတဲ့။ အကြောင်းကတော့ ခွေးဆိုတာ ခိုင်းဖို့ ဆိုတာက တစ်ဖွဲ့ ၊ ခိုင်းဖို့တင်မဟုတ် ရုပ်ရည်သွင်ပြင်လက္ခဏာကိုလည်း စံထားရမယ်ဆိုတာက တစ်ဖွဲ့ ဆိုပြီး နှစ်ခြမ်းကွဲခဲ့တာကြောင့်ဖြစ်ပါတယ်။ Phylax အဖွဲ့ရဲ့ ရည်ရွယ်ချက် အထမမြောက်ပေမယ့် GSD တွေကို စံတစ်ခုတော့ သတ်မှတ်ကြမယ်ဆိုပြီး လူတွေရဲ့ စိတ်ထဲကို ရောက်သွားတာတော့ အမှန်ပါပဲတဲ့။

မြင်းစစ်သည်ဟောင်းတစ်ဦးလည်းဖြစ် ၊ ဘာလင် တိမွေးကု တက္ကသိုလ်ကျောင်းသားလည်းဖြစ်သူ Max von Stephanitz ဟာ Phylax အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ခွေးတွေဟာ ခိုင်းဖို့အတွက်လို့ ယုံကြည်သူတစ်ယောက်ပါ။ အခုအပြောများနေတဲ့ Working line တွေကို မျိုးဖောက်ချင်ခဲ့တယ်။

၁၈၉၉ ခုနှစ်တွင် von Stephanitz တစ်ယောက် ခွေးပြပွဲမှာ Hektor Linksrhein လို့ နာမည်ခေါ်တဲ့ ဂျာမန်သိုးထိန်းခွေးတစ်ကောင်ကို တွေ့ခဲ့တယ်။ Hektor ဟာ von Stephanitz အကြိုက် Working line ခွေးတစ်ကောင်မှာရှိသင့်တဲ့ အရည်အချင်းတွေ အပြည့်ပါတဲ့ ခွေးတစ်ကောင်ဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါကြောင့် မြင်မြင်ချင်းသဘောကျသွားပြီး ဝယ်ခဲ့ပါတယ်။ ဝယ်ပြီးသွားတော့ von Stephanitz က အဆိုပါခွေးကို Horand von Grafrath လို့ နာမည်ပြောင်းခဲ့ပါတယ်။ ပြီးတော့ the Verein für Deutsche Schäferhunde (ဂျာမန်သိုးထိန်းခွေးဆိုင်ရာ အဖွဲ့အစည်း) ကို တည်ထောင်ခဲ့တယ်။ Horand ဟာ ဂျာမန်သိုးထိန်းခွေးအဖွဲ့ရဲ့ ပထမဆုံး မှတ်ပုံတင်ခြင်းခံရတဲ့ ခွေးဖြစ်ခဲ့ပါတယ်။

Horand ဟာ နောက်ပိုင်းမှာ ဂျာမန်သိုးထိန်းခွေးတွေ ပြန့်ပွားစေရန် သားဖောက်ခြင်း၏ အဓိက ဇာတ်ဆောင်ဖြစ်လာခဲ့ပြီး အဖွဲ့ဝင်တွေရဲ့ အခြားခွေးတွေနဲ့ပါ မျိုးစပ်ပြီး လိုချင်စဖွယ် ခွေးတွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ Horand ရဲ့မျိုးဆက်တွေထဲမှာ နာမည်ကြီးတာကတော့ Hektor von Schwaben ဖြစ်ပါတယ်။ Hektor ဟာ အခြားသော Horand ရဲ့ မျိုးဆက်တွေနဲ့ ထပ်မံပြီး မျိုးဆက်ကာ Beowulf ဆိုတဲ့ အထီးတစ်ကောင် ပေါ်ပေါက်လာပါတယ်။ Beowulf ကနေ ထပ်မံပြီး ၈၄ ကောင် မျိုးချပေးခဲ့တယ်။ ဂျာမန်သိုးထိန်းခွေး သားဖောက်ခြင်း မူရင်းမှတ်တမ်း စာအုပ်ရဲ့ စာမျက်နှာ အချို့အရ Beowulf ရဲ့ မျိုးဆက်အချို့သည် နောက်ပိုင်းမှာ ဝံပုလွေနဲ့ စပ်ခဲ့တယ်လို့လည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။ အခုချိန်ထိ လူအများ လက်ခံထားကြတာဟာ von Stephanitz ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကြောင့် GSD အဖွဲ့စတင်နိုင်ခဲ့ပြီး ယခုခေတ် GSD တွေကို ဖန်တီးခဲ့သူအဖြစ် သတ်မှတ်ထားကြပါတယ်။ ထို့အတူ Horand ကြီးဟာလည်း ယခုခေတ် GSD တွေရဲ့ ဘိုးဘေးကြီးလို့ ဆိုရမှာဖြစ်ပါတယ်။

###############

“လူကြိုက်များလာမှု”

အင်္ဂလန်မှာ UK Kennel တည်ထောင်ပြီး မှတ်ပုံတင်ခြင်းစတင်ခဲ့စဥ် ၁၉၁၉ ခုနှစ်တွင် ခွေး ၅၄ ကောင်ဖြင့်စတင်ခဲ့ပြီး ၁၉၂၆ တွင်တော့ မှတ်ပုံတင်ထားတဲ့ ဂျာမန်သိုးထိန်းခွေး ၈,၀၀၀ ကျော်အထိရှိလာခဲ့ပါတယ်။ GSD မျိုးစိတ်ကို ကမ္ဘာကြီးက သတိထားမိလာကြတာကတော့ ပထမကမ္ဘာစစ် အပြီး အိမ်ပြန်လာတဲ့ စစ်သားတွေက သူတို့ တွေ့ခဲ့တဲ့ ဂျာမန်တွေဘက်က ခွေးတွေဟာ အလွန်ကောင်းကြောင်း သတင်းဖြန့်ခဲ့ခြင်း၊ Rin Tin Tin နဲ့ Strongheart လို အယ်ဇေးရှင်းသရုပ်ဆောင်တွေ ရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးလာခြင်း စတာတွေကနေတဆင့် သတိထားမိလာကြတယ်။

U.S မှာ ပထမဆုံး မှတ်ပုံတင်ခဲ့တဲ့ ခွေးမလေးရဲ့ နာမည်က Queen of Switzerland ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျိုးဆက်တွေဟာ ချို့ယွင်းချက်တ္ရှေိတယ်ဆိုပြီး ၁၉၂၀ နှောင်းပိုင်းမှာ လူကြိုက်မှု လျော့ကျလာခဲ့တယ်။

အမေရိကန် ကန်နယ်ရှိုးတွေရဲ့ ၁၉၃၇၊၁၉၃၈ ချန်ပီယံ ဆုရခဲ့တဲ့ GSD ကြီး Sieger Pfeffer von Bern ကြောင့် လူကြိုက် တစ်ဖန်များလာခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အရှိန်နဲ့ ဂျာမန်ဆန့်ကျင်ရေးတွေကြောင့် ပြန်လည်လျော့ကျခဲ့ပြန်ပါတယ်။

ဒါပေမယ့် ဖြည်းဖြည်းချင်း ပြန်လည်လက်ခံလာကြပြီး ၁၉၉၄ ခုနှစ်မှာဆိုရင် အမေရိကားမှာ တတိယ ရေပန်းအစားဆုံးမျိုးစိတ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ မှာတော့ ဒုတိယနေရာကို ရောက်လာခဲ့ပြီး အခြားနိုင်ငံတွေမှာလည်း ရေပန်းအစားဆုံးမျိုးစိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ GSD တွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ ပြိုင်ပွဲတွေအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသကဲ့သို့ ပြည့်စုံနေတာကြောင့် ခွေးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခြင်းဟာ တဖြည်းဖြည်းနဲ့ ခေတ်စားလာခဲ့ပါတော့တယ်။

ဆက်ရန်

ဂျက်ကီ ဒိုင်ယာရီ ၁

ကျွန်တော့်နာမည် ကျွန်တော်လည်း မသိဘူးဗျ.. သခင့်အသစ်ဆီရောက်တဲ့အထိပေါ့။ ကျွန်တော်အသက် ၃လခွဲရောက်တော့ မွေးကတည်းကတွေ့နေရတဲ့ ကျွန်တော့်သခင်က တစ်ရက်တော့ သူတို့မောင်းတဲ့ ကားလို့ခေါ်တဲ့ စက်ယာဉ်ကြီးနဲ့ ပတ်မောင်းပြတယ်။ ရိပ်တိပ်ရိပ်တိပ်နဲ့ မူးသလိုလိုပဲ။ နောက်နေ့ကျတော့မှ ခရီးအရှည်ကြီး စတော့တာကိုး ခင်ဗျ။ နောက်နေ့မနက် နေမထွက်ခင်…….ဖေဖေ၊ မေမေ၊ အစ်ကို ၊ ညီမလေး တွေက ကြည့်နေကြတယ်။ ကျွန်တော့်ကို ကားပေါ်တင်တော့ မနေ့ကလည်း အိမ်ကိုညနေ ပြန်လာတာဆိုတော့ ညနေလောက်ပြန်ရောက်မယ်လို့ ကျွန်တော်ရော သူတို့ပါ ထင်ခဲ့ကြတယ်။ သားရေ..ဂရုစိုက်.. ဖေဖေ့တုန်းကလို ကားဆိုတာကြီးနဲ့ အတိုက်မခံရစေနဲ့.. စတဲ့ အော်သံတွေ နောက်မှာ ကျန်ခဲ့တယ်။ နောက်တော့ သခင်ရယ် ၊ နောက်လူတစ်ယောက်ရယ်၊ ကျွန်တော်ရယ် ဒီ ၃ ယောက်ပဲ ကားပေါ်ပါတယ်ဆိုတာ ဆိုတာ သိလာတယ်။ မူးလည်းမူး ၊ အန်လည်း အန်ချင်… ဒါပေမယ့် သခင်က အနော့်ကို အစာအများကြီး ပေးမစားထားတော့ သိပ်မအန်ဘူးဗျ။ ရှူကလည်း ပေါက်ချင်။ လမ်းမှာ ကားရပ်ပေးတော့ တော်တော်နဲ့ ပေါက်မရဘူးဗျ။ ပတ်ဝန်းကျင်က အစိမ်းကြီး။ ပူခလောင်ထောင်နေတာပဲ။ ဒီလိုနဲ့ ညရောက်တော့ ကားတွေအရမ်းများတဲ့ လူတွေအများကြီးနေတဲ့ မြို့ကြီးကို အနော်တို့ရောက်လာတယ်။ ဖေဖေ မေမေတို့… သားကြောက်တယ်…။ ဒါပေမယ့် ဘေးမှာ အနော့်သခင် ရှိနေသရွေ့ အားတင်းထားပါတယ်။

ခဏနေတော့ မောင်းရင်း မောင်းရင်း ခြံတစ်ခုရှေ့ရောက်တော့ ကားဝင်လိုက်တယ်။ လူတစ်ယောက် ခြံရှေ့လမ်းမပေါ်ထိ ထွက်စောင့်နေတယ်။ တစ်ချိန်မှာ အနော့် သခင်အသစ်ဖြစ်လာမယ့်သူဆိုတာ မသိခဲ့ဘူး။

နောက်တော့ သခင်က အနော့်ကို ချီပြီး ကားပေါ်က ချတယ်။ အိမ်ကြီးတစ်လုံးထဲကို ခေါ်သွားတယ်။ ထိန်လင်းနေပေမယ့် အနော့်စိတ်မှာ နောက်ကျိနေတယ်။ အရင်က ကားပေါ်က ဆင်းရင် ဖေဖေ မေမေတို့ကို တွေ့နေကျ.. ခုတော့.. ဘယ်သူတွေတုန်း.. သွား သွား.. လာမထိနဲ့… သခင်လုပ်ပါဦး. သခင်… အား….

သခင်က အနော့်ကို အစာကျွေးတယ်။ ဟိုလူက အစာအိတ်အသစ်တွေ ဘာတွေနဲ့ စောင့်နေတာဗျ.. အနော်လည်း ငတ်လာတာနဲ့ ရေလည်းသောက် အစာလည်း စားရင်း.. တွေးမိတယ်..”မင်း မဆိုးပါဘူး…”

ခဏနေတော့ သခင်က အနော့ကို ထားသွားတယ်… ဘာတွေလည်း ဟိုလူက အနော့်ကို ထိန်းထားတယ်။ စိတ်ညစ်ပေမယ့် သူ့ရဲ့ ဆက်ဆံပုံကို ကြိုက်လို့ ကိုက်တော့မကိုက်ပါဘူး။ အနော့်ကို ခေါ်တယ်.. “ဂျက်ကီ” တဲ့။

အနော်လည်း ငြိမ်ပြီး အိပ်နေလိုက်တယ်။ ဖေကြီး..မေကြီး.. သားတော့ သွားပြီ.. အစ်အစ်…

ခဏနေတော့ သခင်ပြန်ရောက်လာတယ်။ ဝေးဟေးဟေး…. ပြန်လာခေါ်တာနေမှာတွ… အာဝူးးးးး..

ဒါပေမယ့် ညကျတော့ သခင်က အနော့်ကို လှောင်အိမ်ထဲ ထည့်တယ်။ ဟိုမုန့်ကျွေးတဲ့သူပါ လိုက်ကြည့်နေတယ်။ မုန့်ကျွေးတဲ့သူက ကြိုက်ပုံမရဘူး.. အထဲမှာ ထားချင်တာ.. ဒါပေမယ့် သခင်အရင်းက ထားမှတော့ နေရတော့တာပေါ့။ ခဏနေတော့ သခင်အသစ်လို့ ခေါ်ရမယ့်လူက ရေခွက်လာထည့်ပေးတယ်။ အနော်လည်း စိတ်ပေါက်ပေါက်နဲ့ မှောက်ပစ်လိုက်တယ်.. ဂလွမ်း…ဂလွမ်း…။ ဘယ်သူ လာကြည့်မလဲ အနော် စောင့်ကြည့်နေလိုက်တယ်။ သခင်ထွက်မလာပဲ.. သခင်အသစ်ပဲ ထွက်လာတယ်။ သူက စိတ်ချပုံမရဘူး.. သခင်အဟောင်းကို ခေါ်ပြတယ်။ ဒါပေမယ့် ရပါတယ်..ထားလိုက်လို့ ပြောပုံရတယ်.. သူတို့ အနော့်ကို ထားသွားတယ်။

အနော်လည်း ဘယ်ရမလဲ.. သံဇကာတွေကို ဆောင့်တွန်း.. အသားကုန်အော်.. ဒါလည်း မရပါဘူး.. အနော်လည်း ကြောက်ကြောက်နဲ့ အိပ်လိုက်တော့တယ်…. အိပ်မက်ထဲမှာ ဖေဖေ..မေမေ… ကိုကြီး… ညီမလေး…….

ဆက်ရန်

Design a site like this with WordPress.com
Get started