ကိုင်း… စွန့်စားခန်းတွေအတွက် အဆင်သင့်ဖြစ်နေကြပြီလား..
အနော့်ကိုတော့ သခင်က လမ်းလျှောက်ဖို့ ကြံစည်နေသတဲ့။ အနော့်ကို ကြိုးစမ်းစွပ်တဲ့နေ့က ခုန်ပေါက်.. ကိုက်ဝါး အကုန်လုပ်ပစ်လိုက်တာ.. သခင်လည်း ပက်လက်ကိုလန်ရှာလေရော။ သနားလို့ အစွပ်ခံလိုက်တော့.. သူ့ခမျာ ကျေနပ်ပြီး မုန့်တောင် ကျွေးသွားသေးတယ်..
နောက်နေ့ကျတော့ စွန့်စားခန်းထွက်ကြပါလေရော။ အနော်က ကမ္ဘာကြီးကို အနော့်ခြံလေးပဲ မှတ်နေတာ.. မှားသွားသဗျ။ မနက်ပိုင်း လမ်းလျှောက်ထွက်တာနဲ့ ၂ ခြံကျော်က ငတတစ်ကောင်က ထွက်ဟောင်သဗျ။ ပထမတော့ လန့်လို့ ငြိမ်ခံနေတာပေါ့။ နောက် ၂-၃ ခေါက်ကျတော့ အနော်လည်း ပြန်ဟောင်ပစ်လိုက်တယ်။ ခုချိန်ထိလည်း အဲခြံရှေ့က ဖြတ်တိုင်းဟောင်တုန်းပဲ။ နောက်တစ်ခြံကျတော့ နိုနိုလို ရွှေဝါရောင်ကောင်ကြီးတစ်ကောင် ထွက်ဟောင်ပြန်ရော.. အာကာဆိုပဲ နာမည်က။ တောဆန်လိုက်တာ..အဲဒီကောင် တောသားနေမှာ.. အသက်သာကြီး အနော့်ကျတော့ လိုက်ဟောင်နေတာကိုး..ဟွန်း။ ခုချိန်ထိ ဖြတ်တိုင်း ဟောင်နေသကိုး။ အနော်လည်း ပြန်ဟောင်တာပဲ။
နောက်တစ်ခြံရှေ့ရောက်တော့.. အိ.. အနော်တို့အမျိုးဗျ။ ခွေးအူးလေးကြီး..ဟီး.. သူ့တော့ အနော်ကြောက်တယ်။ ဘာမှကို ပြန်မပြောတာ.. သူဟောင်သမျှ ငုံ့နေလိုက်တယ်။ မြန်မြန်လည်း လျှောက်ရသေးတယ်။ အဲခြံရှေ့ဆို သခင်က ဘာလို့ လမ်းလျှောက်တာ နှေးနေပါလိမ့်။
အနော့််မလည်း လွတ်လွတ်လပ်လပ်ကို မရှိပါဘူးဂျာ။ သခင်က ဟိုမသွားရဘူး။ ဒီမသွားရဘူးနဲ့ ဆွဲနေတာကိုး။ စဉ်းစားကြည့်ဂျာ.. ဟိုကြောင်အစုတ်ပလုတ်တွေကို လိုက်ကိုက်တယ်ဂျာ.. ကြိုးကြီးက တင်းနေတယ်။ ခိုအုပ်မြင်ရင် ဝင်ဆွဲတယ်ဗျာ..
ကြိုးကြီးက တင်းနေပြန်ရော။ လိပ်ပြာတွေကို လိုက်ဖမ်းတယ်ဗျာ.. ခွင့်မပေးပြန်ဘူး။ နိုင်လောက်တဲ့ လမ်းခွေးတွေ ၊ ခွေးစုတ်ဖွား သေးသေးလေးတွေကို အာဏာလေးသွားပြတယ်.. အငေါက်ခံရပြန်ရော.. ရန်သူ့နယ်ထဲရောက်လာလို့ သူတို့အီအီးပုံကို သွားနမ်းတယ်ဗျာ.. ဂျက်ကီ.. နိုး!!! တဲ့။ တကယ်တော့ သခင်ကသာ နောက်ကွယ်က ကြိုးကိုင်နေတာကိုးဂျ.. ဟွန်း..
ကြည့်လေ.. တစ်ခေါက်.. လမ်းပေါ်က ငတတစ်ကောင်.. အနော့်ကို မြင်တာနဲ့ အိမ်ထဲ လှစ်ကနဲ ဝင်ပြေးသွားတယ်။ အနော်လည်း လိုက်ဟောင်တာ.. သခင်ဆွဲထားလို့ပေါ့။ အနော်လည်း မကျေနပ်တာနဲ့..အဲခြံရှေ့ အီအီးပါပစ်လိုက်တယ်။ သခင်က ပြောလိုက်တာလေ.. ပွစိပွစိနဲ့။
နောက်နေ့တွေကျတော့ အနော် ပျော်လာတယ်.. လမ်းလျှောက်ရတာကို။ ကြိုးသိုင်းလိုက်ပြီဆိုတာနဲ့ ခြံတံခါးဆီပြေးသွားပြီး သခင့်ကို စောင့်နေရတာ အမော။ လမ်းလျှောက်ပြီး ပြန်လာရင် ရေပြေးသောက်တယ်။ မောဒယ်လေဗျာ.. အနော် လမ်းလျှောက်ပြီးတိုင်း အနော့ခြေထောက်တွေ ပိုသန်လာသလို ခံစားရတယ်။ အနော်တို့လို ပါပီတွေကို ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ လမ်းလျှောက်ပေးရတယ် မဟုတ်ရင် အားနည်းသွားရော။ အနော်တို့ကို အချိန်ပေးရမယ်ဗျ။ အချိန်တန် အစာခွက်လေး ချပေးလိုက်တာနဲ့ ပါပီမွေးတယ် မဆိုလိုဘူးဂျ။ အဲဒါကြောင့် လျှောက်ခိုင်းတာလား မသိဘူး.. နေကောင်းတာတော့ အမှန်ပဲဗျ။ ပူတဲ့မနက်ဆို သခင်က အများကြီး ပေးမလျှောက်ဘူး။
လမ်းလျှောက်ပြီးရင် သခင်က ဂျယ်လီလည်းကျွေးတယ်။ ဂျယ်လီဆိုတာက ရှည်ရှည်ဘူးလေးထဲက ညှစ်ထားတဲ့ အညိုရောင် ဂျယ်လီလေး။ လျက်ရတာ.. အားကြီးကြိုက်.. အာဝူး။ နောက်ပြီး ဝါးစားရတဲ့ အပြားလေးလည်း ကျွေးတယ်။
သခင်က တစ်နေ့ကို အစာသုံးကြိမ်ကနေ လေးကြိမ်ကျွေးတယ်။ အစာလုံးလေးတွေဗျ။ တစ်ခါတစ်လေတော့လည်း အူစိုစိုလေး စားချင်တာပေါ့။ သခင်က မကျွေးတော့လည်း မတတ်နိုင်ဘူးပေါ့လေ။ သခင်ဟောင်းများ မှာသွားလို့လား မသိဘူး။
ပြောနေရင်း သခင်အဟောင်းကိုတောင် သတိရသွားပြီ။ ဖေတို့ မေတို့ကိုလည်း သတိရပါတယ်။ သား ဒီမှာ ပျော်နေပါပြီ ဖေဖေနဲ့ မေမေ။
တစ်ခါတော့ အနော့်အတွက်ဆိုပြီး ဘောလုံးဝယ်လာသတဲ့။ ဘာမှတောင် မကြာလိုက်ဘူး.. ကိုက်လိုက်တာ ပေါက်သွားတယ်။ ကုလားထိုင်တွေ လိုက်ကိုက်ရတာလည်း အရသာဗျ။ ခညားတို့ ကိုက်ဖူးမှ သိမှာ။ တစ်ခါတစ်လေ ကိုက်ရင်းကို အိပ်ပျော်သွားတာ။ ကုလားထိုင်ကြီးတွေရှိတဲ့ အခန်းကြီးထဲမှာ တီလို့ မြည်ပြီး စက်တစ်ခုပွင့်သွားရင် အေးလာတတ်တယ်ဗျ။ အနော့်အကြိုက်ပဲ.. အဲလို အေးလာရင် အိပ်ကိုပစ်လိုက်တာ..။ အအေးစက်လို့ ခေါ်တယ်..အနော်က။
အအေးစက်အကောင်းဆုံးက သခင့်အခန်း။ အေးနေတာ.. ရှူးတိုးတိုး.. သခင့်အမေမသိစေနဲ့။ သူမသိအောင် သခင်က အခန်းထဲ ခေါ်ခေါ်သွင်းတာ။ အထဲမှာ သူက ကိုက်ကောင်းတဲ့ အရွက်တွေကို တစ်ရွက်ချင်းလှန်ပြီး ကြည့်နေတယ်။ အနော်က ဘေးနားမှာ အိပ်တယ်… တအားပျော်ဖို့ကောင်း…
ဒါပေမယ့်ပေါ့ဂျာ.. ဂျက်ကီရဲ့ ဘွမှာ နာကျင်ရတဲ့ နေ့ ပေါ်လာတယ်။ ဘယ်ဘက်တင်ပါးမှာ နာကျင်သွားတာ.. အဟွန့်.. အဲနေ့အကြောင်း.. နောက်မှ ပြောပြမယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ.. ပိတ်သက်ကြီးရေ..
အာဝူး
ဂျက်ကီ



